အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ဘယ်လိုကာကွယ်မလဲ
ဆီးလမ်းကြောင်းက တဆင့် ပိုးဝင်ခြင်းက အမျိုးသမီးတွေမှာ ပိုအဖြစ်များသလို ဆီးသွားနေချိန် ပူတာ၊ နာကျင်တာ၊ ဆီးသွားချင်နေပေမယ့် ဆီးမထွက်တာစတဲ့ လက္ခဏာတွေ ကြုံရတတ်ပါတယိ။ တစ်ခါတစ်ရံမှာ ဆီးလမ်းကြောင်းမှာရှိတဲ့ အစိတ်အပိုင်းတွေနဲ့ ကျောက်ကပ်ကိုလဲ ထိနိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။
အမျိုးသမီးတွေရဲ့ ဆီးလမ်းကြောင်းက တိုပြီး စအိုပေါက်နဲ့လဲ နီးတာကြောင့် ဆီးပိုးဝင်နိုင်တဲ့ အလားအလာပိုများတာကို တွေ့ရပါတယ်။ ဆီးပိုးဝင်တဲ့ပြဿနာတွေကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေကတော့…..
(၁) ရေများများသောက်ပါ
ရေများများသောက်တာက ဆီးသွားများစေသလို ဘက်တီးရီးယားဆွေကိုပါ ဆီးနဲ့အတူ ပါသွားနိုင်ချေများတာကြောင့် ရေများများသောက်ပေးဖို့ အရေးကြီးပါတယ်။
(၂) အရှေ့ကနေ အနောက်ကိုဆေးပေးပါ
အပေါ့အပါးသွားပြီးနောက်မှာ ဆီးလမ်းကြောင်းကို ဆေးကြောတဲ့အခါ အရှေ့ကနေ အနောက်ကို ပွတ်ပြီး ဆေးပေးပါ။ အနောက်ဘက်က စအို နဲ့နီးတာကြောင့် ဘက်တီးရီးယားနဲ့ ရောဂါပိုးတွေဝင်နိုင်တာကြောင့်ပါ။
(၃) လိင်ဆက်ဆံပြီးတိုင်း ဆီးသွားပေးပါ
လိင်ဆက်ဆံပြီးနောက် ဆီးသွားပေးတာက ဘက်တီးရီးယားတွေကို စွန့်ထုတ်ပေးရာ ရောက်တာကြောင့် ဆီးလမ်းကြောင်းပိုးဝင်တာကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးရာရောက်ပါတယ်။
(၄) ရေနဲ့ပဲ သန့်စင်ပေးပါ
အမျိုးသမီးသန့်စင်ဆေးရည်တွေဟာ အနံ့တွေနဲ့ PH level ပြောင်းစေနိုင်တဲ့ ပါဝင်ပစ္စည်းတွေပါဝင်လို့ ရေရှည်သုံးစွဲဖို့ အဆင်မပြေပါဘူး။ ဒါ့ကြောင့် ဆပ်ပြာတွေ၊ သန့်စင်ဆေးရည်တွေအစား ရေကိုသုံးပြီး သန့်ရှင်းရေးလုပ်ပေးတာက ဆီးပိုးဝင်တာကို ကာကွယ်ဖို့ အကောင်းဆုံးပါပဲ။
(၅) ဆီးအောင့်ထားတာမျိုး မလုပ်ပါနဲ့
ဆီးသွားနည်းတာ၊ ဆီးကို အချိန်အကြာကြီး အောင့်ထားတာမျိုးက ဆီးပိုးဝင်တာကို ပိုဆိုးစေပြီး ဘက်တီးရီးယားတွေကိုလဲ ဖယ်ရှားဖို့ခက်ခဲနိုင်ပါတယ်။ ဒါ့ကြောင့် ၄ နာရီခြားတစ်ခါလောက်တောင် ဆီးသွားပေးနိုင်ဖို့ လိုပါတယ်။
အခုပြောတဲ့အချက်တွေက ဆီးလမ်းကြောင်းပိုးဝင်တဲ့ ပြဿနာကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ တကယ်လို့ ဆီးလမ်းကြောင်းပိုးဝင်တာကြောင့် ဆီးထဲမှာ သွေးပါတာ၊ အဖျားတက်တာ၊ အန်တာ၊ မူးဝေတာ၊ ဗိုက်နဲ့ ခါးမှာ နာကျင်တာတွေဖြစ်ခဲ့မယ်ဆိုရင်တော့ ဆေးရုံ ဆေးခန်းသွားပြီး သေချာစစ်ဆေးပေးဖို့ အရေးကြီးပါတယ်ဆိုတာကို ဗဟုသုတအနေနဲ့ မျှဝေလိုက်ရပါတယ်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)